📱 TikTok နဲ့ EU ကြား ဘာတွေဖြစ်နေလဲ?
← ဆောင်းပါးများ

📱 TikTok နဲ့ EU ကြား ဘာတွေဖြစ်နေလဲ?

11 Nov 2026 · 4 မိနစ် ဖတ်ရန်

📱 TikTok နဲ့ EU ကြား ဘာတွေဖြစ်နေလဲ?

TikTok ရဲ့ ဗီဒီယိုအကြံပြုစနစ်(Recommendation Algorithm) နဲ့ပတ်သက်ပြီး ဥရောပသမဂ္ဂ (EU) ဘက်က စည်းမျဉ်းချိုးဖောက်မှု ပဏာမတွေ့ရှိချက်တစ်ခုထုတ်ပြန်ခဲ့ပါတယ်။ ဘာလဲ‌ဆိုရင် နိုဝင်ဘာ ၆ ရက်နေ့မှာ ဥရောပကော်မရှင် (European Commission) က TikTok ရဲ့ For You Feed ဟာ ဥရောပရဲ့ Digital Services Act (DSA) စည်းမျဉ်းတွေကို ချိုးဖောက်နေနိုင်တယ်လို့ ကြေညာခဲ့တာပါ။တစ်ခုရှိတာက ဒီအဆင့်ဟာ အပြီးသတ်ဆုံးဖြတ်ချက် မဟုတ်သေးပါဘူး။ TikTok ဘက်ကလည်း ပြန်လည်ရှင်းလင်းတင်ပြခွင့် ရှိပါသေးတယ်. EU က ဘာကြောင့် စိုးရိမ်နေတာလဲ?🤔 အဓိကပြဿနာက TikTok ရဲ့ For You စာမျက်နှာမှာ ဗီဒီယိုတွေကို အကြံပြုပေးတဲ့စနစ်ကြောင့်ပါ.. ဥပမာ - ကိုယ်က ကိုယ်အလေးချိန်လျှော့ချရေး ဗီဒီယိုတစ်ခု ကြည့်မိတယ်ဆိုပါစို့။အဲ့လိုဆိုရင် TikTok ရဲ့ Algorithm က အဲဒီအကြောင်းအရာကို စိတ်ဝင်စားတယ်လို့ ယူဆပြီး ဆင်တူတဲ့ ဗီဒီယိုတွေကို ထပ်ခါထပ်ခါ ပြသလာနိုင်ပါတယ်။ ဒီလိုနဲ့ အကြောင်းအရာတစ်မျိုးတည်းကိုပဲ ဆက်တိုက်ကြည့်မိပြီး အဲဒီထဲကနေ ရုန်းထွက်ဖို့ ခက်ခဲလာနိုင်ပါတယ်😮။ ဒီလိုအခြေအနေကို Rabbit Hole Effect လို့လဲ ခေါ်ကြပါတယ်.. ဘယ်လိုသက်ရောက်မှုတွေ ရှိနိုင်လဲ?🤕 EU ရဲ့ စိုးရိမ်ချက်အရ ဝမ်းနည်းမှု၊ အထီးကျန်မှုနဲ့ ခန္ဓာကိုယ်ပုံရိပ် (Body Image) ဆိုင်ရာ ဗီဒီယိုတွေကို ထပ်ခါထပ်ခါ ကြည့်ရှုမိခြင်းက - - စိုးရိမ်ပူပန်မှုနဲ့ ဝမ်းနည်းမှုတွေ ပိုများလာနိုင်တယ်။ - ကိုယ့်ခန္ဓာကိုယ်အပေါ် မကျေနပ်မှုနဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ကျဆင်းလာနိုင်တယ်။ - အစားအသောက်ဆိုင်ရာ ပြဿနာတွေ ပိုဆိုးလာနိုင်တယ်။ အထူးသဖြင့် ကလေးတွေနဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်လွယ်သူတွေအတွက် ပိုပြီး စိုးရိမ်စရာဖြစ်တယ်လို့ ကော်မရှင်က ထောက်ပြထားပါတယ်.. EU က TikTok ကို ဘာတွေပြင်ခိုင်းထားလဲ? အဓိကအားဖြင့် -အသုံးပြုသူကိုယ်တိုင် ရွေးချယ်ထားတဲ့ Content တွေကို ပိုအလေးပေးဖို့။ - မကြည့်ချင်တဲ့ အကြောင်းအရာတွေကို ထိန်းချုပ်နိုင်ဖို့ ပိုလွယ်ကူအောင် လုပ်ပေးဖို့။ - ဗီဒီယိုကြည့်ရှုချိန် (Watch Time) တစ်ခုတည်းအပေါ် အလွန်အမင်း မမှီခိုဖို့။ - Recommendation Algorithm ကို ပုံမှန်စမ်းသပ်စစ်ဆေးဖို့ပါ.. TikTok ကို ဒဏ်ငွေချမှာလား? 🧐 လောလောဆယ်တော့ ဒဏ်ငွေချမှတ်ထားတာ မရှိသေးပါဘူး။TikTok ဘက်က EU ရဲ့ ပဏာမတွေ့ရှိချက်တွေကို ပြန်လည်ရှင်းလင်းခွင့် ရှိပါတယ်။ အပြီးသတ်စစ်ဆေးမှုမှာ စည်းမျဉ်းချိုးဖောက်ကြောင်း အတည်ပြုခဲ့ရင်တော့ TikTok ပိုင်ရှင် ByteDance ဟာ ကမ္ဘာတစ်ဝန်း နှစ်စဉ်ဝင်ငွေရဲ့ ၆% အထိ ဒဏ်ငွေချမှတ်ခံရနိုင်ပါတယ်။TikTok ဘက်ကလည်း EU ရဲ့ စွပ်စွဲချက်တွေဟာ မှားယွင်းနေပြီး သူတို့ရဲ့ လုပ်ဆောင်ပုံနဲ့ အသုံးပြုသူလုံခြုံရေးအပေါ် ကတိကဝတ်ကို လိုရာဆွဲဖော်ပြထားတာဖြစ်ကြောင်း ပြန်လည်ငြင်းဆိုထားပါတယ်.. အားလုံးအတွက် ဘာကြောင့် အရေးကြီးလဲ? ဒီကိစ္စဟာ Tiktok တစ်ခုတည်းနဲ့ သက်ဆိုင်တာ မဟုတ်ပါဘူး။Facebook, Instagram, YouTube စတဲ့ Social Media Platform တွေမှာလည်း ကိုယ်ကြည့်ခဲ့တဲ့ Content တွေအပေါ် မူတည်ပြီး နောက်ထပ်ဗီဒီယိုတွေကို အကြံပြုပေးတဲ့စနစ်တွေ ရှိပါတယ်။တစ်ခါတလေ ကိုယ်တိုင်သတိမထားမိဘဲ အချိန်အကြာကြီး Scroll လုပ်နေမိတာ၊ အကြောင်းအရာတစ်မျိုးတည်းကိုပဲ ဆက်တိုက်ကြည့်နေမိတာတွေဟာ ဒီလို Recommendation System တွေနဲ့လည်း ဆက်စပ်နေပါတယ်။ဒါကြောင့် Social Media ကို အသုံးပြုတဲ့အခါ ကိုယ်ကြည့်နေတဲ့ Content တွေက ကိုယ့်ရဲ့ အတွေးအခေါ်နဲ့စိတ်အခြေအနေအပေါ် ဘယ်လိုသက်ရောက်နေသလဲဆိုတာလည်း သတိထားသင့်ပါတယ်။နည်းပညာတိုးတက်လာတာနဲ့အမျှ အသုံးပြုသူတွေရဲ့ အချိန်နဲ့ စိတ်ကျန်းမာရေးကို ကာကွယ်ပေးဖို့လည်း အရေးကြီးလာပါတယ်..

Sources: 1. European Commission: https://digital-strategy.ec.europa.eu/en/news/commission-preliminarily-finds-tiktoks-you-feed-breach-digital-services-act-harmful-rabbit-holes 2. Reuters: https://www.investing.com/news/economy-news/eu-charges-tiktok-over-harmful-algorithmic-rabbit-hole-effects-5007214 3. Associated Press: https://apnews.com/article/f59bbe2045ab842c0a4beef4e9a050e2 ↗

မှတ်ချက်အနေနဲ့ - EU ရဲ့ ထုတ်ပြန်ချက်ဟာ ပဏာမတွေ့ရှိချက်သာ ဖြစ်ပါတယ်။ TikTok ကို စည်းမျဉ်းချိုးဖောက်ကြောင်း အပြီးသတ်ဆုံးဖြတ်ထားခြင်း၊ ဒဏ်ငွေချမှတ်ထားခြင်း မရှိသေးပါ။

Telegram ↗

ဆက်လက် ဆွေးနွေးကြမယ်

ဆောင်းပါးသိမ်းရန်၊ Reaction နှင့် Comment ပေးရန် Login ဝင်ပါ။